Monday, March 1, 2010

ကဗျာကမ်းနဖူးမှာ ယဉ်ယဉ်လေးရှုးနေတဲ့ အလွမ်းရှုး အမြဲရွဲ့နေတဲ့ကောင် ဘယ်သူ့စကားမှလည်း နားမထောင်ချင်ဘူး.. အမြဲစောင်းနေတဲ့ကောင် ဘယ်သူအချိုးချချ ကိုယ်က တည့်တည့်နေမပြချင်ဘူး… ဘယ်ခွက်ထဲထည့်ထည့် ကိုယ့်ပုံစံကလွဲပြီး ဘယ်ပုံစံမှမထွက်ဘူး ဘယ်ပေတံနဲ့တိုင်းတိုင်း ကိုယ်က ခပ်ရိုင်းရိုင်းပဲ ယဉ်ကျေးတတ်တယ်…. အရာရာကို အကောင်းမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက် နဲနဲတော့ ခက်နေသေးတယ် တချို့အရာတွေကို အဆိုးမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက် နဲနဲတော့ လွယ်ကူခဲ့တယ်…. ဘယ်သူသဘောတူတူ မတူတူ ကိုယ့်အယူနဲ့ကိုယ် ကွဲလွဲစွာနေထိုင်တယ် လွဲမှားတယ်ပဲပြောပြော ကိုယ့်သဘောနဲ့ကိုယ် ဘဝကို ဂျစ်ပစီတကောင်လိုကျင့်ခဲ့ပြီး စိတ်တွေကို ဂျစ်ပစီတကောင်လိုလွှင့်ခဲ့တယ်…. ဟန်ဆောင်နေရမှ အချိုးလှနေတတ်တဲ့ လူ့အသိုင်းအဝိုင်းထဲမှာ ကိုယ်က အရိုင်းကျောက်ခဲတလုံး ဘယ်သူသုံးသုံး မသုံးသုံး ကိုယ့်နှလုံးနဲ့ကိုယ် ကိုယ့်ထုံးကိုယ်မူတယ်…. လူရယ်လို့ဖြစ်လာကတည်းက ကိုယ်က အားနည်းတဲ့ဘက်မှာ နေသားကျခဲ့တယ် လက်ဖဝါးနှစ်ဖက်နဲ့ ရုံပွဲမကြည့်တတ်ပေမယ့် နှလုံးသားတစုံနဲ့တော့ အားနည်းသူကို ဝိုင်းကူရင်ခုန်ပေးတတ်ခဲ့ပါတယ်… ဘာရယ်မဟုတ်ပါဘူး လူတိုင်းသုံးဖူးတဲ့ လက်သုံးစကား လူတိုင်းလည်း ကြားဖူးမှာပေါ့ လူတိုင်း တယောက်တနေရာ သူ့အထာနဲ့သူ ရူးသွပ်နေကြတယ်ဆိုတာ….... ဒီတော့ ကိုယ်လည်း ကိုယ့်ရုးသွပ်မှုနဲ့ကိုယ် ကိုယ့်မာနအိုအိုတွေအပေါ် တွဲခိုနေပျော်ရုံလောက်ပါ တချို့တဏှာရူး တချို့အချစ်ရူး တချို့အာဏာရူး တချို့ဥစ္စာရူး တချို့ဘဝင်ရူး တချို့….ရူး တဒေါင့်တနေရာစီရူးနေကြတဲ့ အရူးလောကမှာ ကိုယ်က တမျိုးတဘာသာ ခပ်ဆန်းဆန်း ကိုယ့်အမြင်ခပ်ကြမ်းကြမ်းတွေပေါ်မှာ တစုံတရာကို ယဉ်ယဉ်လေး လွမ်းနေတတ်တဲ့ကောင် ကဗျာကမ်းနဖူးမှာ တောင်တောင်မြောက်မြောက်တွေးရင်း ယဉ်ယဉ်လေးရူးနေတဲ့ အလွမ်းရူး…………………………….။

No comments: