Monday, March 1, 2010

ပင်လယ်ဟောင်းရဲ့နောက်ဆုံးလွမ်းချင်း ( ၁ ) . . . တစ်ခါ တစ်ခါ လေနီကြမ်းတွေက အညာကို လွမ်းစရာပေ . . . ရှားစောင်းပြဿဒ် ထန်းပင်တွေ မတ်တပ်နဲ့ ဗီတာမင် ပြတ်နေတဲ့ ရွာတွေဟာ ခုချိန်ဆို တိမ်ညိုတွေကို မျှော်နေရာပေါ့ ။ " မိုးရွာရင်နော်ဗျာ ပျိုးတွေကိုလဲ ကျဲကြပြန်သေးတာ " အဲဒီသီချင်းထဲ ရွှေမိုးညို စိုစေချင်ပြီး ။ နေ၀င်ရိုးရီ ၀င်ရိုးသံ တစ်အီအီနဲ့ ရွာဆီပြန်လာတဲ့ လှည်းသံ ကျွန်တော့်ရင်ကို လာမှန်တဲ့ ပန်ချီကားပေါ့ . . . . ။ တစ်ချိန်က အဲဒီလို ကျေးလက်ကို ဖွဲဆိုသူလေ ကျေးလက်ရေ . . . ငါ့ကို ဘယ်လိုများဖွဲဆိုလေမလဲ . . . ။ ဒဏ်ရာတွေသာများပြီး မြှားချက်တွေ မတားဆီးနိုင်သူလို့ ဆိုချင်ဆိုပါလေ . . . . ။ မကျည်းရိပ် ညိုညိုမှာ ဧရာဝတီကို ချွေးသိပ်ဖို့ နှစ်မချို့သေးတဲ့ အိမ်မက်တွေနဲ့ အညာလွမ်းချင်း တစ်စ သီခဲ့ရပေါ့ . . . . . ။ ( ၂ ) . . . လေနီကြမ်းရေ . . . လွမ်းမဲ့ လွမ်းတော့လည်း ခေတ်တစ်ခေတ်လုံး တမ်းတမဆုံးသူ ရာဇ၀င်ကို ထမ်းပြီး ဝေဒနညတွေ လောင်ကျွမ်းခဲ့သူ ယုံကြည်ချက် တွင်းနက်ကြီးထဲမှာ ဘ၀ကို စီးဝင်ခဲ့သူ အိမ်မက်ကို ဖွင့်ပြီး အမာရွတ်တွေ ရွတ်လွင့်ဖို့ ထီးဟန် နန်းဟန်နဲ့ အကြီးမြန်တဲ့ မြို့ကို ပြန်ရမယ်ပေါ့ . . . ။ ကမ်းကနေ ခွါခဲ့တဲ့ ခရီးတစ်ခုပါ ဆယ်စုနှစ် တစ်ခု ကြာခဲ့ ( ဒါ့ထက် ကြာချင်လဲ ကြာမယ် ) ဘ၀တကွေ့လို့ ဆိုပေမဲ့ ခဏ မေ့သွားရင်တောင်မှ ထာဝရ တွေ့ခဲ့သူတွေကို အားနာရမှာ . . . ။ မှတ်မှတ်ရရ နေ့တွေမှာဆို ရင်ခုံသံအပို တစ်ခုနဲ့ ဘ၀ကို ထုဆစ်နေဖြစ်မှာ . . .။ တစ်ခါကဆိုတဲ့ ပင်လယ်မှာ စိတ်ကူးလေးတွေ ဆယ်ဖြစ်တိုင်း မျက်ရည်ဝိုင်းလာတတ်သူကို သူတို့ သိမှမဟုတ်ဘူး . . . ။ ရေရိုင်း မြေရိုင်းရဲ့ ပန်းရိုင်း အပွင့်တွေရေ . . . အပြန်ခက်သူရဲ့ အဆန်တက်မယ့် ခရီးမှာ ကျန်ရစ်ခဲ့သူလို့ နားလည် ပစ်ရတာလဲ ဝေဒနာ . . . ။ ခေတ်တစ်ခေတ်ရဲ့ အစွန့်ပစ်ခံတွေ မဟုတ်ကြဘူး . . ရာစုသစ်ရဲ့ ဗိသုကာတွေ ကာလကို ဘ၀နဲ့ ဆေးသားတင်ကြရင်း ဆိတ်ဖလူး လွင်ပြင်မှာ . . . ။ ယုံကြည်နေတုန်းပဲ လတ်လတ်ဆတ်ဆတ် သက်ရှိ ဒိုင်ယာရီတွေပါ အနာဂတ်မပါပဲ သွေးမခုန်ခဲ့ဘူးဆိုတာ ခင်ဗျားတို့ ကြုံခဲ့ဖူးမှာ မဟုတ်ဘူး . . . ။ ( ၃ ) . . . အိုလေနီကြမ်းရဲ့ တ၀ဲဝဲဖွဲ့ ခနောင်း ကြလဲတွေနဲ့ ခပ်ယဲ့ယဲ့ ဖြတ်သန်းခြင်း နေ့နေ့ ညည မှာ " ဘယ်တော့များမှ " တွေ တဖွဲ့ဖွဲ့ ကြွေခဲ့ပေါ့ . . . ။ ငွေနှင်းဝေတဲ့ တစ်မနက်ခင်းမှာ မိတ်ဆွေတစ်ယောက်က နောက်တယ် သိက္ခာထပ်ကြသူတွေနဲ့ ၀ါဆိုခဲ့ဖူးသူတို့ အတွက် ကောင်းကင်ရဲ့ ဈာပနဟာ တယ်ပြီး စည်းကားလှပါလားတဲ့ . . . ။ ပေါ့ပေါ့ပါးပါးပဲ ပြောရရင် အင်းစိန်တောရနဲ့ မင်းကြီးညို မွေတဲ့ အရပ်မှာ ကျနော် ၀ါဆို ခဲ့ဖူးသူပါ . . . ။ အက်ဒ၀ပ်မန့်ခ်ျ ရဲ့ " အော်သံ " ထက်ပြင်းထန်တဲ့ လှိုင်းတွေ နံရံမှာ အကြိမ်ကြိမ် ရိုက်ခတ်နေတာ ကျွန်တော် ကြားခဲ့ဖူးတယ် . . . အဲဒီလို ကျိမ်စာတွေနဲ့ ကျွန်တော် ဖျားနာခဲ့ဖူးတယ် . . . ။ နာမကျန်းတဲ့ နှင်းဆီတို့ရေ တောင်ပံ အစုံစုံရဲ့ ရွှေရောင်လွှမ်းတဲ့ အရပ်မှာ ကျွန်တော်ဟာ ဖြတ်သွားဖြတ်လာမျှသာ . . . ။ ဝေးဝေးကွာကွာ နီးကပ်သူများနဲ့ နီးနီးကပ်ကပ် ဝေးကွာ သူတို့ကြားမှာ အမှားပြင်ဆင်ချက် ခပ်များများနဲ့ မှင်နီ ခဏခဏ တားခံရသူ . . . ။ တဘ၀လုံး ပေးသွားသူတွေနဲ့ တဘ၀စာ ရရှိသွားသူတွေရဲ့ လမ်းဆုံတစ်ခု ကို ရုပ်ရှင်တစ်ခုလို ထိုင်ကြည့်ခဲ့သူ . . . ။ အဲဒီလိုလူရဲ့ အပြန်လမ်းဟာ တငွေ့ငွေ့ ခမ်းသွားတဲ့ မှတ်တမ်းတစ်ခုလို ငြီးငွေ့ဖွယ် ဇတ်ဝင်ခန်း ဖြစ်ချင်ဖြစ်နေမှာပေါ့ . . . ။ ရာဇ၀င်သစ်ကို ရေးလိုသူတွေရဲ့ ချောင်ကျကျ စားပွဲမှာ ကျွန်တော့်ကို လာရှာရင် မျက်နှာများတဲ့ သိုးမည်းတစ်ကောင်အဖြစ် ကြယ်တွေကို ချစ်နေတာ တွေ့ရလိမ့်မယ် . . . ။ ( ၄ ) . . . အခုဆို လေနီကြမ်းရေ သမုဒယတွေ ပိုးထိုးခံရတဲ့ အမေရဲ့ ဒုက္ခအိုးလေး ကိုယ်နိုင်သမျှကို ထမ်းပြီး ကိုယ့်လမ်းကို ဆန်ရဦးမယ် . . . ။ ဘာသာပြန်ရခက်သူ အဖြစ် လောကကြီးရေ ကြိုနှင့်ပေတော့ . . . ။ ညီအကို မသိတသိ ကောင်းကင်ရဲ့ ကြိုးညှိခံထားရတဲ့ ရာသီမှာ ငါ့ကို လက်ကျန် စာရွတ်တစ်ရွတ် အဖြစ် ဆုတ်ဖြဲပစ်လိုက်ပါ . . . ။ ဈေးတွက် တွက်နေတဲ့ ယဉ်ကျေးမှု ဈေးကွက်ကြီးထဲမှာ ဖောင်ဖျက်ခဲ့သူတို့ ဦးညွတ်ပါရစေ . . ။ ဗိုင်းငင်ဖို့ရာ လသာမှ တဲ့လား . . . ။ မိုးခါးရေ သောက်ပြီး အမောက်ထောင်ကြသူတွေ နန်းတက်လေမလား ငြမ်းဖျက်လေမလား ကမ်းလက်တွေရဲ့ မှာခြွေစကားကို မနက်ဖြန်အထိ အထားခံရင် တော်လှပြီးပေါ့ . . . ။ ခပ်လွမ်းလွမ်း ရှိခဲ့ရင် လွင်ပြင်တွေ ဆိပ်ကမ်းတွေ ချိုင့်ဝှမ်းတွေ ( ပန်းခြံတွေလည်း ဖြစ်ချင်ဖြစ်မယ် ) မြို့ကြီးရဲ့ မြူဆွယ်တာ ခံလိုက်ရတဲ့ လမ်းမတွေ အဟောင်းပုံထဲက အဖိုးတန်တဲ့ လက်ခုပ်သံတွေ ကော်ဖီဆိုင်ထဲ နစ်နေတဲ့ ရွှေဖြစ် ငွေဖြစ် အသံတွေကြားမှာ အမည်မသိတဲ့ ပီတိလေးများ ရှိလေမလားလို့ မြွေစွယ်ကျိုး စိတ်မျိုးနဲ့ တောတိုးကြည့်မယ် . . . ။

No comments: